Quantcast
Channel: တွေးမိတွေးရာ...ရေးမိရေးရာ
Viewing all articles
Browse latest Browse all 186

အဖြေမှန် တစ်ခုတည်း ...

$
0
0
***
တညနေခင်း ရုံးဆင်းခါနီးအချိန် ကျွန်မ မရှိတုန်း ကျွန်မတို့ကျောင်း ရုံးခန်းကို ဖုန်းတခု ဝင်လာပါသတဲ့။
.
“ဒီနေ့ ---- နာရီကမှာ ပြသွားတဲ့ Quiz Idol အစီအစဉ်က မေးခွန်းတစ်ခုမှာ အဖြေမှန်က လွဲနေလို့ပါ။ မေးခွန်းက 50 – 8 x 2 + 2တဲ့။ အဲဒါ ခင်ဗျားတို့ ကျောင်းက ဒိုင်တွေ သတ်မှတ်တဲ့ အဖြေကမှား နေတယ်။ အဲဒီကိစ္စကို ဘယ်လို ပြန်ရှင်းပေးနိုင်မလဲ”
.
ဖုန်းကိုင်တဲ့ မန်နေဂျာမမလည်း ရုတ်တရက် ကြောင်သွားတာပေါ့။ ကျွန်မတို့ ကျောင်းနဲ့ MRTV 4 ပူးပေါင်း တင်ဆက်တဲ့ ကျောင်းသားတွေ အတွက် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ Quiz Idol အစီအစဉ်ဆိုတာ MRTV 4 ရဲ့ For Edu အစီအစဉ်မှာ ပြနေတာ ဆယ်စုနှစ် တခုနီးပါး ရှိပါပြီ။ ခုလို အဖြေမှားတယ်လို့ ဖုန်းဆက်ပြောတာ တခါမှ မရှိခဲ့ဖူးဘူး။ ဒါနဲ့ မန်နေဂျာ မမလည်း သူပြောတဲ့ မေးခွန်းကို ရေးမှတ်ထားပြီး “နက်ဖြန်မနက် ရုံးချိန်မှာ ကျွန်မ ဖုန်းပြန်ဆက်ပေးပါမယ်ရှင်” လို့ ပြောလိုက်ရတယ်။ ဖုန်းဆက်သူက သူ့နာမည် ဖုန်းနံပါတ် ပေးထားခဲ့ပြီး ဆက်ဆက် ပြန်ဆက်ဖို့ မှာသွားခဲ့ပါသတဲ့။
.
နောက်တနေ့မနက် ကျွန်မ ကျောင်းကို ရောက်တော့ အဲဒီပြဿနာက ကျွန်မဆီ ရောက်လာပါတော့တယ်။ ကျွန်မက ကျောင်းမှာ သင်္ချာသင်တာကိုး။ မန်နေဂျာမမက ဖြစ်ကြောင်း ကုန်စင်ပြောပြီး …
“ညီမလေး အဲဒါလေး ပြန်ဖြေရှင်းပေးပါဦး” လို့ဆိုတယ်။
.
မေးခွန်းကို ကြည့်ပြီး ကျွန်မ သဘောပေါက်လိုက်ပါတယ်။ တွက်ကြည့်တော့ သတ်မှတ်ထားတဲ့ အဖြေက မမှားပါဘူး။ ဖုန်းဆက်သူရဲ့ အဖြေကသာ မှားနေတာပါ။ ဒါနဲ့ ကျွန်မလည်း ချက်ချင်းပဲ အဲဒီလူဆီ ဖုန်းပြန်ဆက်ပြီး မနေ့က ဆက်လို့ ပြန်ဆက်ကြောင်း ဘာညာ ပြောပြီးတာနဲ့ …
.
“Order of operations အရ … … … … … … … … အဲဒါကြောင့် အဖြေက _____ ဆိုတာ မှန်ပါတယ်။ လူကြီးမင်း ပြောတဲ့ အဖြေက မှားနေတာပါ"
.
“သြော် … ဟုတ်တယ် ဟုတ်တယ် … ကျွန်တော်က အဲဒါကို သတိမထားမိသွားလို့ ။ ပြန်တွက်တော့ ခင်ဗျားတို့အဖြေ မှန်ပါတယ်"
.
ဒါနဲ့ ကျွန်မလည်း ...
"ဟုတ်ကဲ့ ခုလို စိတ်ဝင်တစားနဲ့ ကြည့်ရှုတာရော ဖုန်းဆက်တာရော ကျေးဇူးတင်ပါတယ်၊ နောက်လည်း စိတ်ထဲ မကျေလည်ရင် ဖုန်းဆက်နိုင်ပါတယ်"လို့ ပြောပြီး ဖုန်းချလိုက်ပါတယ်။
.
ဖုန်းချပြီးတော့ ခုနက ပုစ္ဆာလေးကို ပြန်ကြည့်နေမိတယ်။
50 – 8 x 2 + 2 = ?
.
သူပြောတဲ့ အဖြေက 3*
သတ်မှတ်ထားတဲ့ အဖြေက … …
***
နောက်တနေ့ကျတော့ အဲဒီအကြောင်း နွေရာသီ သင်တန်း လာတက်နေကြတဲ့ ကလေးတွေကို ပြောပြပြီး အဖြေကို မပေးဘဲ တွက်ခိုင်းကြည့်တယ်။ သူတို့လေးတွေဟာ ၆ တန်း ၇ တန်း ၈ တန်း လောက်ရောက်နေပါပြီ။ အပေါင်းအနုတ် အဆင့် လွန်နေပြီ ဆိုရမယ်၊ ဒီမေးခွန်းကို အလွယ်လေး ဖြေနိုင်မှာပဲလို့ ကျွန်မစိတ်ထဲ ထင်နေမိတာ။ ဒါပေမဲ့ … အတန်းထဲမှာ ကျောင်းသား ၁၀ ယောက် ရှိတဲ့အနက် ကျောင်းသား တယောက်ပဲ အဖြေမှန် ရခဲ့ပါတယ်။
.
အဖြေတွေက 86; 32 နဲ့ 36 လို့ အသီးသီး ပြောကြတယ်။။ တယောက်ဆို အဖြေက တရာတောင် ကျော်နေသေးတယ်။ ဒါနဲ့ သူတို့တွက်နည်းတွေကို မေးကြည့်တော့ …
.
86 ရသူက ခုလိုတွက်ပါသတဲ့။
50 – 8 × 2 + 2 = ?
42 × 2 + 2 = 86

တွက်နည်း အဆင့်ဆင့်က ..
50 – 8 = 42
42 x 2 = 84
84 + 2 = 86 ...

.
32 ရတဲ့ သူကတော့ …
50 – 8 × 2 + 2 = ?
50 – 16 + 2 = 32

တွက်နည်း အဆင့်ဆင့်က ...
8 x 2 = 16
16 + 2 = 18
50 – 18= 32

.
36 ရတဲ့ သူကတော့ …
50 – 8 × 2 + 2 = ?
50 – 16 + 2 = 36

တွက်နည်း အဆင့်ဆင့်က ...
8 x 2 = 16
50 – 16 = 34
34 + 2 = 36
တရာကျော်ရတဲ့သူကတော့ ရမ်းသမ်းဖြေတာတဲ့။ ထားလိုက်ပါတော့လေ။ ဆိုတော့ ... ဘယ်အဖြေက မှန်ပါသလဲ။
.
ကျွန်မတို့ငယ်စဉ်က သင်္ချာမှာ ကွင်း ၏ စား မြှောက် ပေါင်း နုတ် လို့ သင်ခဲ့ရပါတယ်။ ကွင်းပါရင် ကွင်းကို အရင်ရှင်း၊ ပြီးရင် ၏ ဆိုတာက အမြှောက်ပဲ၊ ပြီးရင် သူ့အစဉ်အတိုင်း ရှင်းရတယ် လို့ နားလည်ခဲ့ကြသလို အဲဒီအတိုင်းပဲ တပြေးညီ တွက်ခဲ့ကြတယ်။ ကိုယ် စာပြန်သင်တဲ့အခါ သင်္ချာကို အင်္ဂလိပ်လို သင်ပေးရတော့ Order of operations ကို အတိုကောက်မှတ်နည်းက BIDMAS တဲ့။
.
B = Brackets (ကွင်းများ)
I = Indices (ထပ်ကိန်းများ = power)
D = Division (အစား)
M = Multiplication (အမြှောက်)
A = Addition (အပေါင်း)
S = Subtraction (အနုတ်)
သူက ထပ်ကိန်း (Power) ပဲ ပိုသွားပါတယ်။ ကျန်တာက မြန်မာလိုသင်ရတဲ့ အတိုင်းပါပဲ။ အစားနဲ့ အမြှောက်က rank အတူတူ၊ အပေါင်းနဲ့ အနုတ်က rank အတူတူ … ဘယ်မှ ညာ အရင်တွေ့တာ အရင်ရှင်းရုံသာ။
.
နောက်တခုက လက္ခဏာတွေပေါ့။ အနုတ်နဲ့ အပေါင်းဆို နုတ်ရမယ်၊ လက္ခဏာက ကြီးတာကိုယူ၊ အနုတ် အချင်းချင်းဆို ပေါင်းရမယ်၊ လက္ခဏာက အနုတ် … စသဖြင့် အဲဒီ အခြေခံ သဘောတရား လေးတွေကို သိရင် ဘယ်လောက်ရှုပ်ထွေးတဲ့ ကိန်းစဉ်တန်း လာလာ အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။ ကလေးတွေက အဲဒီ သဘောတရားကို သေချာမသိကြတော့ အလွယ်လေးကို ခက်နေကြတယ်။ မှားနေကြတယ်။ ကလေးတွေတွင်မကဘူး စောစောက ပြောခဲ့တဲ့ ဖုန်းဆက်တဲ့ လူကြီးပါ မှားနေကြတာပေါ့။
.
အဲဒီလို ပေါင်း နုတ် မြှောက် စား ပုစ္ဆာမျိုးနဲ့ ပတ်သက်ပြီး ဆရာတွေပါ ခဏခဏ မှားကြတာကို အံ့သြစရာ တွေ့ဖူးပါသေးတယ်။ ဆရာ ဆရာမတွေ ဖွဲ့စည်းထားတဲ့ Group တခုမှာပါ။ အဖွဲ့ဝင် တယောက်က အထက်က မေးခွန်းလို ခပ်ဆန်ဆန် မေးခွန်းတခု တင်လိုက်တယ်။ အဖြေကို ဝိုင်းပြောကြတာပေါ့။ အတော်များများ မှားကြပါတယ်။ ကျွန်မကလည်း သင်္ချာသင်တဲ့သူပီပီ မနေနိုင်လို့ ဝင်ဖြေပြီး အဖြေဘယ်လိုရတယ် ဆိုတာပါ တွက်နည်းနဲ့တကွ ရှင်းပြတယ်။ ဒါပေမဲ့ အများစုက သူတို့ ဖြေချင်တာတွေပဲ အမှားတွေ လျှောက်ဖြေနေပြီး ကိုယ်ပြောတာလဲ မဖတ်၊ သူတို့မှန်တယ်ပဲ ထင်နေကြတယ်။ တချို့က ဘယ်လိုဖြေဖြေ အဖြေနှစ်မျိုး သုံးမျိုးလုံး မှန်သတဲ့။ အဲဒီလိုတွေ တွေ့နေရတော့ စိတ်ပျက်ပြီး နောက်တခါ သွားမပြောဖြစ်တော့ဘူး။
.
တကယ်တမ်း သင်္ချာပညာရပ်ဟာ တိကျ မှန်ကန်ပါတယ်။ အပေါ်မှာ ပြထားတဲ့ မေးခွန်းမျိုးအတွက် အဖြေ နှစ်ခု ဆိုတာ မရှိပါဘူး။ အဖြေမှန်က တစ်ခုထဲ တိတိကျကျ ဖြစ်ရမှာပါ။ အဖြေမှန် တစ်ခုထဲရဖို့ကလည်း သတ်မှတ်ထားတဲ့ ဥပဒေသအတိုင်း လိုက်နာပြီး တွက်ချက်ရမှာ ဖြစ်ပါတယ်။ ဥပဒေသကို မလိုက်နာခဲ့ရင်တော့ အဖြေမှန်နဲ့ လွဲချော်ပြီး မရေရာတဲ့ အဖြေ နှစ်ခု သုံးခု ဖြစ်နေတော့မှာ အသေအချာပါပဲ။
***
မေဓာဝီ
15.05.17
18.37

Viewing all articles
Browse latest Browse all 186

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...