ဒီကဗျာလေးကို ရေးခဲ့တုန်းက အိမ်ရဲ့အဝေးမှာ ရောက်နေချိန်ပေါ့ ... ။ မိတ်ဆွေတယောက်ရဲ့ ဘလော့က ကဗျာတပုဒ်ကို အကြောင်းပြုလို့ ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်သူ တယောက်ရဲ့ တမ်းချင်းပဲဆိုဆို ... ငိုချင်းပဲပြောပြော ... ဘ၀အမောတွေကြားမှာ အိမ်ကိုသာ အမြဲ သတိရနေခဲ့တယ်။ အဲဒီအချိန်က "အိမ်ပြန်ချင်တယ်" လို့ ဆိုမိရင် ... မိသားစုကြားမှာ အမှားတွေ ကျူးလွန်ထားမိသူ တယောက်ပမာ သိမ်ငယ်စွာ ခံစားခဲ့ရပါတယ်။ တကယ်လဲ အမှားတွေ ကျူးလွန်ခဲ့မိတယ်လေ ... ။ ဒီလိုနဲ့ အိမ်အပြန်ခက်တဲ့ ရက်တွေမှာ စိတ်ဖြေစရာ ကဗျာတွေ သီဖွဲ့ရင်း လွတ်လပ်ခြင်းကို ကဗျာတွေထဲမှာပဲ ရှာဖွေခဲ့ရတယ် ... ။
မနေ့က ကွန်ပျူတာထဲက ဖိုင်အဟောင်းလေးတွေ ပြန်ရှင်းရင်း ဒီကဗျာလေးကို တွေ့တော့ အဲဒီတုန်းက ခံစားချက်တွေ ပြန်သတိရမိတယ်။ လူတယောက်ထဲပေမယ့် နေရာ, ဌာန, အချိန်, ကာလက ဒီလူရဲ့ စိတ်ဓာတ်ကို အများကြီး ပြောင်းလဲစေတတ်တယ်ဆိုတာ တွေးမိရင်း အိမ်ရဲ့ အဝေးမှာတုန်းက မတင်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ... အိမ်ပြန်ရောက်ချိန်မှာ တင်လိုက်ပါတယ်။ တကယ်တမ်း အိမ်ပြန်ရောက်ချိန်မှာတော့ များပြားလှတဲ့ တာဝန် ၀တ္တရားတွေကြားမှာ မအားလပ်တဲ့အတွက် ကဗျာထဲမှာ ဆိုထားသလို ကာရန်ညီ ကဗျာတွေ မသီဖွဲ့နိုင်သေးပါဘူး။ ဒါပေမဲ့ တချိန်ချိန်တော့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်နိုင်တာပဲ မဟုတ်လား ... ။
***
ဆုံတွေ့ကြတဲ့အခါ ...
ဒီအချိန်ဆို ...
တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။
အမြင့်ပျံ ငှက်တအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံထက်က နေမင်း
နှုတ်ဆက်ရင်း အလင်းချွေ
တောင်စွယ်မှာ ... နေကွယ်လုပြီလေ ... ။
အိပ်မက်တွေကို ကျောခိုင်း
လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကို ဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ
ခွဲခွါခြင်းတံတိုင်းတွေ ကာထား
ကမ္ဘာတွေလဲ ခြား ... လို့ ... ။
ဒီရေလှိုင်း အကျမှာ
အိမ်ပြန်ရလေမလား ...
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား ...
စဉ်းစားရင်း မောလျ
သောကညရဲ့ အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက် ပြန်ခဲ့ပါရစေ ... ။
ဆုံတွေ့ကြတဲ့အခါ ...
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့မယ်လေ ... ။ ... ။
***
မေဓာဝီ
၂၈၊ မေ၊ ၂၀၁၁