ကျမ ဘလော့ရေးခါစ … အမှတ်တရနေ့၊ သမိုင်းဝင်နေ့၊ ဘာသာရေး နေ့ထူးနေ့မြတ် … စတာတွေကို အထူးတလည် သတိထားပြီး ရေးဖြစ်ခဲ့တယ်။ အဲဒါကလဲ … ဒီလိုနေ့တွေကို ကိုယ်ကိုယ်တိုင် အမြဲ အမှတ်ရနေဖို့အပြင် … နိုင်ငံရပ်ခြားမှာအနေကြာလို့ မေ့နေတတ်ကြသူတွေ … မြန်မာပြည်တွင်းမှာပဲ နေထိုင်ပါလျက် အမှတ်တမဲ့ ဖြစ်နေတတ်ကြသူတွေ … တမင်မေ့လျော့ ထားကြသူတွေ … လုံးဝ မသိသေးသူတွေအတွက် ရည်ရွယ်ပြီးရေးဖြစ်ခဲ့တာပါ။ နောက်ပိုင်းတော့ ဘလော့တွေလဲ များလာသလို အဲဒီလို နေ့မျိုးတွေအတွက် အမှတ်တရ ရေးသူတွေလဲ များများလာခဲ့ပါတယ်။ ရေးတဲ့သူ များလာပြန်တော့ ကျမက ရေးဖို့ ငြီးငွေ့သွားပြန်ရော …. ။
နေ့တွေအကြောင်း ဘလော့မှာ ရေးဖို့ ငြီးငွေ့သွားတဲ့ ကျမ … မြန်မာပြည်ပြန်ရောက်လို့ စာသင်တော့ နေ့တွေနဲ့ ပတ်သက်ပြီး ကလေးတွေကို သင်ပေးဖို့ စိတ်ကူးရပါတယ်။ ဆိုကြပါစို့ ... ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် အမျိုးသားနေ့အတွက်ဆိုရင် အဲဒီနေ့ မတိုင်ခင်ကတည်းက အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ (အင်္ဂလိပ်လို) စု၊ ပရင့်ထုတ်၊ အမျိုးသားနေ့မှာ မနက်စောစော ရွှေတိဂုံဘုရားသွား၊ အမျိုးသား ကျောက်တိုင်မှာ သပြေပန်းစည်းကလေးနဲ့ ဂါရ၀ပြု၊ ဓာတ်ပုံရိုက် … ကျောက်တိုင်မှာ ရေးထိုးထားတဲ့ စာတွေ ကူးယူခဲ့ပြီး ကျမရဲ့ ကျောင်းသားတွေကို အမျိုးသားနေ့ဆိုတာ ဘာလဲလို့ သိသွားအောင် ဓာတ်ပုံနဲ့တကွ ရှင်းပြ ပြောပြဖြစ်ခဲ့တယ်။
အမျိုးသားနေ့က ကျောက်တိုင်ရှေ့မှာ ...
ကိုယ့်နိုင်ငံက အမှတ်တရနေ့တွေတွင် မဟုတ်ပါဘူး၊ သူတို့ သိသင့် သိထိုက်မယ် ထင်တဲ့ တခြားနိုင်ငံက နေ့တွေ အကြောင်းလဲ အခါအားလျော်စွာ ကျမက သင်ပေးပါသေးတယ်။ ဥပမာ Thanks giving day, Martin Luther King day … စသဖြင့်ပေါ့။ အဲဒီနေ့တွေနဲ့ ပတ်သက်လို့ ကလေးတွေအတွက် materials က အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာလို့ရတာမို့ သူတို့ကို သင်ဖို့ worksheet လေးတွေ ကျမက ကြိုတင်ပြင်ဆင် ထားလေ့ ရှိတယ်။ တကယ်တမ်း ဒါတွေသင်ဖို့ ကိုယ့်ရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ မပါပေမဲ့ ကိုယ့်ကလေးတွေ ဗဟုသုတရအောင် သင်ပေးတာပါ။ သူတို့ကလဲ ဒီလို ကြားပေါက်လေးတွေ ထည့်ပြီး သင်ပေးတာ သဘောကျကြတယ်။
ပြီးခဲ့တဲ့ စနေနေ့ (ဖေဖော်ဝါရီ ၉ ရက်နေ့) မနက်က ကျမစာသင်တော့ ပထမဆုံးအချိန်မှာ level 2 ကို သင်ရတယ်။ level 2 ဆိုတာက သူတို့ရဲ့ English level ကို ပြောတာပါ။ အတန်းအားဖြင့် ဒုတိယတန်းကနေ စတုတ္ထတန်းအထိ (အသက် ၇ နှစ်က ၉ နှစ်အတွင်း) ကလေးတွေ ပါကြပါတယ်။ စာမသင်ခင် သူတို့ကို ကျမက ထုံးစံအတိုင်း နှုတ်ဆက်၊ နေ့စွဲကို ၀ှိုက်ဘုတ်မှာ ချရေးလိုက်ပြီး
“ဒီလ ဘာလလဲ” လို့ မေးလိုက်တော့ အားလုံးက တညီတညာထဲ ဖေဖော်ဝါရီလ … လို့ အော်ကြတယ်။
“ဟုတ်ပြီ ဖေဖော်ဝါရီလမှာ ဘယ်လို အမှတ်တရရက်တွေ ရှိသလဲ … ဘယ်သူသိလဲ …” လို့ ကျမက ထပ်မေးတဲ့အခါ … တတိယတန်းကျောင်းသူ Sally က ...
"ဗာလင်တိုင်းဒေး" ဆိုပြီး ထအော်တယ်။ ကျန်တဲ့သူတွေကလဲ ဗာလင်တိုင်းဒေးလို့ သံယောင်လိုက်ပြီး ပြောကြတယ်။
ကျမက ပြုံးတော့ … စတုတ္ထတန်းကျောင်းသား Jason က "ပြည်ထောင်စုနေ့" ... လို့ သူပြောတာ မှားသွားမှာ စိုးတဲ့ပုံစံနဲ့ ခပ်လေးလေး ပြောတယ်။ သူပြောမှ Emily ကလဲ ...
"ဟုတ်တယ် ပြည်ထောင်စုနေ့ … သမီးတို့ ကျောင်းပိတ်တယ်လို့" ထပြောတယ်။
“ဒါဆို ပြည်ထောင်စုနေ့က ဘယ်နေ့လဲ …” ကျမက ထပ်မေးတော့ ...
“ဖေဖော်ဝါရီလ ၁၂ ရက်” လို့ ပြိုင်တူ ပြောကြပါတယ်။
"နောက်ပြီးတော့ရော …" ကျမရဲ့ မေးခွန်းကို ကလေးတွေက ဇဝေဇ၀ါနဲ့ … စဉ်းစားနေကြတယ်။ ဒါနဲ့ပဲ ကျမက "ဖေဖော်ဝါရီ ၁၃ မှာ …" လို့ အစလေးကို ရွတ်ပြတော့ "ဗိုလ်ချုပ်မွေးနေ့" လို့ ၀ိုင်းအော်ကြပါတယ်။ ကျမက ၀ှိုက်ဘုတ်မှာ 12th Feb, 13th Feb, 14th Feb အစဉ်လိုက် တကြောင်းချင်း ချရေးလိုက်တယ်။ ပြီးမှ ဘေးနားမှာ သူ့နေ့အလိုက် Union Day, Bogyoke’s Birthday, Valentine’s day လို့ ဖြည့်ရေးလိုက်ပါတယ်။
“သမီးတို့သားတို့က ဗာလင်တိုင်းဒေးကိုတော့ သိကြတယ် … ဗိုလ်ချုပ်မွေးနေ့ကိုတော့ မေ့နေကြပါလား …”
Sally က ရှက်ကိုးရှက်ကန်းနဲ့ …
“FM မှာ ဗာလင်တိုင်းဒေးအတွက် လွှင့်နေတာတွေ အမြဲကြားနေတာမို့ပါ တီချယ် …” တဲ့။
နောက်တချိန် level 3 နဲ့ 4 ကို သင်တော့လဲ အဲဒီအတိုင်းပဲ ကျမ မေးခွန်းတွေ ထုတ်ခဲ့တဲ့အခါ …. ဗာလင်တိုင်းဒေးကို လူတိုင်းနီးပါး သိကြပြီး ပြည်ထောင်စုနေ့ကိုတော့ ကျောင်းပိတ်ရက်မို့ တော်တော်များများ သိကြတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်မွေးနေ့ကိုတော့ သူတို့စိတ်ထဲ အမှတ်တမဲ့ ဖြစ်နေကြတာကို ၀မ်းနည်းစရာ တွေ့ခဲ့ရပါတယ်။
အဲဒီနေ့က အောင်ဆန်းဇာနည် ကဗျာလေးကို ကျမနဲ့ သူတို့အားလုံးတူတူ ဆိုကြတယ်။ ဗိုလ်ချုပ်ရဲ့ မွေးနေ့၊ လ၊ ရက်, အဖေနာမည်, အမေနာမည်၊ ကျဆုံးတဲ့နေ့တွေကို သူတို့ကို မေးလိုက် ၀ှိုက်ဘုတ်မှာ ချရေးလိုက်နဲ့ သူတို့သိသမျှ ဗိုလ်ချုပ်အကြောင်းတွေ ဖြည်းဖြည်းချင်း ဆွဲထုတ်ခဲ့တယ်။ ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့ ဘယ်သူသိလဲ ဘာတွေသိလဲ ဆိုတာ မေးပြီး သူတို့ မသိသေးတဲ့ အချက်အလက်လေးတွေ ဖြည့်စွက် ပြောပြခဲ့တယ်။ ပြည်ထောင်စုနေ့ဆိုတာ ဗိုလ်ချုပ်ရှိလို့ ဖြစ်လာတာ … ပြီးတော့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးအတွက် အခြေခံအုတ်မြစ်က ပြည်ထောင်စုနေ့ပဲလို့ … ပြောပြပြီး ကျမ ကြိုတင်ပြင်ဆင်ထားတဲ့ ပြည်ထောင်စုနေ့အကြောင်း (အင်္ဂလိပ်ဘာသာနဲ့) စာရွက်လေး ဝေပေးခဲ့တယ်။
Level 3 နဲ့ 4 ကတော့ အတန်းကြီးတွေမို့ အင်္ဂလိပ်လိုရေးထားတာတွေ အတန်အသင့် နားလည်နိုင်ပါပြီ။ ကျမ တခေါက်ဖတ်ပြ ရှင်းပြနေတုန်း level 4 က ဒေးဗစ်က အိုင်ပတ်လေး တကိုင်ကိုင် လုပ်နေတာ မြင်လို့
“သား … အိုင်ပတ်ကို စာသင်ချိန်မှာ မကိုင်ရဘူးလေ …”
“မဟုတ်ဘူး တီချယ် … သား ဒီစာရွက်လေးကို ဓာတ်ပုံရိုက် ယူသွားချင်လို့ပါ”
“အဲဒီစာရွက်က သားတို့ကို အပိုင်ပေးလိုက်မှာလေ … ပုံရိုက်ဖို့ မလိုပါဘူး”
“စာရွက်ဆို ပျောက်သွားမှာစိုးလို့ … ဒီထဲမှာ ထည့်ထားတော့ သွားလေရာ သယ်သွားလို့ရတယ်လေ တီချယ် ပျောက်လဲ မပျောက်တော့ဘူး … ကိုယ်ဖတ်ချင်တဲ့အချိန်လဲ ထုတ်ဖတ်လို့ရတယ်”
ကျောင်းစည်းကမ်းအရ ဖုန်းတွေ တက်ဘလက်တွေ အိုင်ပတ်တွေ စာသင်ချိန်မှာ ပေးမသုံးပေမဲ့ အဲဒီနေ့ကတော့ ဒေးဗစ် ပုံရိုက်တာကို ကျမ ကျေကျေနပ်နပ် ခွင့်ပြုပေးခဲ့ပါတယ်။
သင်ခန်းစာ တခုသင်တိုင်း သူတို့လေးတွေရဲ့ စိတ်ဝင်စားမှု အခြေအနေကို ကျမ အမြဲအကဲခတ်နေရတယ်။ များသောအားဖြင့် ယောက်ျားလေးတွေက အငြိမ်မနေ သောင်းကျန်းလွန်းလို့ သူတို့ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ စိတ်ဝင်တစား နားထောင်အောင် သင်ဖို့ရာ မလွယ်ကူလှဘူး။ ဒါပေမဲ့ အဲဒီနေ့က ကျမပြောပြတဲ့ အကြောင်းအရာတွေကို သူတို့လေးတွေ စိတ်ပါဝင်စားစွာ နားထောင်ကြတာမို့ ကျမလဲ သင်ပေးရတာ အားတွေရှိလို့ပေါ့။
ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက် အကြောင်း ပြောပြီးတော့ နောက်ဆုံးမှာ သူတို့သိထားတဲ့ ၁၄ ရက် အကြောင်း ပြောရတယ်။ ဗာလင်တိုင်းဒေး ဘယ်လိုဖြစ်လာသလဲ … ဆိုတာကို အရင်ဆုံး ပုံပြင်ပြောသလို ပြောပြရတယ်။ ဟိုရှေးရှေးတုန်းက ရောမပြည်ကြီးမှာ … လို့ အစချီပြီး ရောမဧကရာဇ် Claudius II ရဲ့ အဓိပ္ပါယ်မရှိတဲ့ အမိန့်၊ ဘုန်းတော်ကြီး ဗာလင်တိုင်းရဲ့ တိတ်တဆိတ် လက်ထပ်ပေးမှု … နောက်ဆုံး အသတ်ခံလိုက်ရတာ အဆုံး … ပုံပြောသလို ပြောပြပြီးမှ ဗာလင်တိုင်းဒေးနဲ့ ပတ်သက်လို့ ကျမ ပရင့်ထုတ်ထားတဲ့ worksheet လေး ဝေပြီး သူတို့ကို ဖတ်ပြ၊ ဖတ်ခိုင်းတယ်။ ဒီတော့မှ ဗာလင်တိုင်းဒေးရဲ့ သမိုင်းကို သူတို့သိသွားပြီး ကျေနပ်သွားကြပါတယ်။
“ရောမက ဘုန်းကြီး အသတ်ခံရတာကို အမှတ်ရ အောက်မေ့တဲ့နေ့ဟာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ … ကိုယ့်တိုင်းပြည်ရဲ့ အဓိက နေ့တွေကိုတော့ မေ့နေကြပြီး ဟိုးအဝေးကြီးက နေ့ကိုမှ သတိရနေကြတာ မဟုတ်သေးဘူးနော် … ။ မီဒီယာတွေ စီးပွါးရေးသမားတွေက အပြောကောင်း ကြော်ငြာကောင်းတိုင်း လိုက် မယောင်ကြပါနဲ့ … ။ မီဒီယာတွေကလဲ သူတို့မီဒီယာ လူစိတ်ဝင်စားအောင်၊ စီးပွါးရေးသမားတွေကလဲ သူတို့ ကုန်ပစ္စည်း ရောင်းရအောင် … ဒီလို နေ့တွေကို အကြောင်းပြပြီး ပရိုမိုးရှင်း လုပ်ကြရတာ။
တကယ်တော့ … ချစ်သူများနေ့ဆိုတာ နေ့တခုသတ်မှတ်ပြီးမှ ချစ်ပြစရာ မလိုပါဘူး … ကိုယ်က ကိုယ့်ချစ်သူအပေါ် နားလည်မှုရှိရှိနဲ့ ချစ်နေရင် နေ့တိုင်းဟာ ချစ်သူများနေ့ပဲ မဟုတ်လား …”
" ...... "
" ...... "
***
ဒီနေ့မနက်စောစော ဘုရားသောက်တော်ရေနဲ့ ဆွမ်းတော်ကပ်ပြီး ညှိုးနေတဲ့ ဘုရားပန်းတွေ လဲခဲ့တယ်။ ဖေဖော်ဝါရီ လမကုန်သေးပေမဲ့ နွေခေါင်ခေါင်လို ပူနေပြီမို့ ဘုရားပန်းတွေ တင်လိုက်ရင် ခဏလေးနဲ့ ညှိုးပါတယ်။ ဒီနေ့တော့ ကြာကြာခံတဲ့ သပြေပန်းပဲ ၀ယ်ကပ်ဖြစ်တယ်။ သပြေပန်း ၁၀၀၀ ကျပ်ဖိုးဆိုရင် ကပ်ပါလေ့ အများကြီး၊ ဘိလပ်က အိမ်မှာ တယုတယ စိုက်ထားရတဲ့ သပြေညွန့်လေး နည်းနည်းချင်းညှပ် ဘုရားကို တိုရည်ရှားရည် ကပ်ခဲ့ရတဲ့ဘ၀၊ ခုတော့ ကိုယ်ကြိုက်သလောက် အားရပါးရ ကပ်လှူနိုင်ပါပြီ။
သပြေပန်း တထောင်ဖိုးကို ၇ စည်းရတယ်၊ ၅ စည်းကို အိမ်က ဘုရားကပ်ပြီး ၂ စည်းကိုတော့ ကျမ တနေရာကို ယူသွားခဲ့ပါတယ်။ ဒီကနေ့ မနက် ကျမ သိပ်သွားချင်နေတဲ့ နေရာ … ။
… … … … … … … … …
… … … … … … … … …
ဗိုလ်ချုပ်ကြေးရုပ်ဆီကိုပါ … ။
ကန်တော်ကြီးစောင်းက ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခြံဝင်းထဲ ၀င်စရာမလိုဘဲ အပြင်ကနေ လာရောက် ကြည့်ရှုနိုင်အောင် ပြန်ပြုပြင်ထားတာကို ကျမ သဘောကျမိတယ်။ အရင်ကဆို ဗိုလ်ချုပ်က မြက်တောထဲမှာလေ … ။ ခုတော့ သပ်သပ်ရပ်ရပ် ဖြစ်လို့ နေပါပြီ။ ကြေးရုပ်ရှေ့တည့်တည့်မှာလဲ ကားရပ်လို့ရပါတယ်။ ဒီလိုနဲ့ ကျမ … သပြေပန်း ၂စည်းရယ်၊ ကဗျာတပုဒ်ရယ်နဲ့ ဗိုလ်ချုပ်ကို ဂါရ၀ပြုခဲ့တယ်။ ပန်းခြံထဲမှာတော့ ပန်းခြံဝန်ထမ်း တချို့နဲ့ ကျန်းမာရေးအတွက် လမ်းလျှောက်သူ ပြေးသူတချို့ကလွဲလို့ ဘယ်သူမှ မရှိပါဘူး။ ဗိုလ်ချုပ်အနားမှာလဲ ကျမတယောက်ထဲပါပဲ … ။
သပြေပန်းစည်း ... ကဗျာတပုဒ်နဲ့ ဗိုလ်ချုပ်ကို ဂါရ၀ ...
အိမ်အပြန်လမ်းမှာ ကျမကို စောင့်ပေးနေတဲ့ အငှားယာဉ်မောင်းဦးလေးကြီးက နောက်ကြည့်မှန်ကနေ ကျမကို လှမ်းကြည့်ရင်း "ဖေဖော်ဝါရီ ၁၃ မှာ ... ဗိုလ်ချုပ်မွေးနေ့ပါ …" လို့ ဆိုပြတယ်၊ သူလဲ မမေ့ပါဘူး … တဲ့။ ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် ... ။
ပြန်ရောက်တော့ ကျမ စာသင်ရတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ဆီ သွားခဲ့တဲ့အကြောင်းနဲ့ ဗိုလ်ချုပ်မွေးနေ့ဆိုတာ အရင်ကတော့ "ကလေးများနေ့" လို့ သတ်မှတ်ခဲ့ဖူးကြောင်း ပြောပြရင်း Burma VJ မှာ တင်ထားတဲ့ ၉၈ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အတွက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရ စကား ဗီဒီယိုဖိုင်လေး ပြဖြစ်ခဲ့တယ်။
နောက် ... အားလပ်ချိန်လေး ခဏတဖြုတ်ရတုန်း facebook ကိုဝင်ပြီး ဗိုလ်ချုပ်ပုံနဲ့ ကဗျာလေးတင်တော့ အဲဒီထဲမှာ ဗိုလ်ချုပ်ပုံတွေ ဗိုလ်ချုပ်နဲ့ ပတ်သက်သမျှတွေ ပလူပျံနေတာကို တွေ့ရတယ်။ ၀မ်းသာစရာပါပဲ ... ။ ဒီလို သမိုင်းဝင်နေ့တွေ နေ့ထူးနေ့မြတ်တွေကို အင်တာနက် သုံးစွဲတဲ့သူတွေ ကြားမှာ ပျံ့ပွါးသလို အင်တာနက် မသုံးသူတွေကြားမှာလဲ ပျံ့ပွါးဖို့ ကျမတို့ တတ်နိုင်သလောက် အဆင့်ဆင့် လက်ဆင့်ကမ်းကြရပါအုံးမယ်။
***
မေဓာဝီ
၁၃၊ ၀၂၊ ၁၃
၂၂း၃၀ နာရီ (မြန်မာစံတော်ချိန်)